Nitrile Examination Gloves
ဆေးဘက်ဆိုင်ရာသုံးလက်အိတ်များသည် တစ်ကိုယ်ရည်သုံး ရောဂါကာကွယ်ရေးပစ္စည်းများတွင် တစ်ခုအပါအ၀င် ဖြစ်ပြီး ၀တ်ဆင်သူနှင့် လူနာများကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေစဉ် ရောဂါပိုးကူးစက် ပြန့်ပွားခြင်းမှ ကာကွယ်ပေးပါသည်။ ဆေးဘက်ဆိုင်ရာသုံးလက်အိတ်များသည် တစ်ခါသုံးလက်အိတ်များဖြစ်ပြီး စမ်းသပ်စစ်ဆေးရာတွင်သုံးသောလက်အိတ် (Examination gloves)၊ ခွဲစိတ်ခန်းသုံးလက်အိတ် (Surgical gloves) နှင့် ကင်ဆာရောဂါကုထိုးဆေးများကိုင်တွယ်ရန်အသုံးပြုသောလက်အိတ် (Chemotherapy gloves) ဟူ၍ခွဲခြားထားပါသည်။
၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ (၁၉) ရက်နေ့တွင် အမေရိကန်နိုင်ငံအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (The U.S. Food and Drug Administration – FDA) မှ လက်အိတ်များတွင်ပါဝင်သော ပေါင်ဒါမှုန့်များကြောင့် လူတို့တွင်ဘေးဥပါဒ်အန္တရာယ်များ ဖြစ်ပေါ်စေသည့်အတွက် ပေါင်ဒါမှုန့်ပါဝင်သောလက်အိတ်များ အသုံးပြုခြင်းကို အပြီးတိုင်ပိတ်ပင်ခဲ့ပါသည်။ ပေါင်ဒါမှုန့်များထိတွေ့ခြင်းကြောင့် လူနာများနှင့် ကျန်းမာရေးစောင့်ရှောက်သူများသည် ပြင်းထန်အသက်ရှူလမ်းကြောင်း ရောင်ရမ်းခြင်းနှင့် ဓာတ်မတည့်ခြင်းများ ဖြစ်ပွါးနိုင်သည့်အပြင် ပေါင်ဒါမှုန့်သည် လူ့ခန္ဓာကိုယ်မှခုခံတုံ့ပြန်မှုများကို ဖြစ်ပေါ်စေပြီး တစ်ရှူးများမှ ထိုပေါင်ဒါမှုန့်များကို ဝန်းရံဖုံးအုပ်လျက် Granuloma ဟုခေါ်သော တစ်ရှူးလုံးများဖြစ်ပေါ်စေခြင်းနှင့် တစ်ရှူးအမာရွတ်များဖြစ်ပေါ်စေခြင်းတို့ကြောင့် ခွဲစိတ်ကုသမှုခံယူရသည်အထိ ဆိုးကျိုးများကို ဖြစ်ပေါ်စေပါသည်။
#စမ်းသပ်စစ်ဆေးရာတွင်သုံးသောလက်အိတ်
စမ်းသပ်စစ်ဆေးရာတွင်သုံးသောလက်အိတ်များကို သဘာဝရာဘာစေး၊ ဓာတ်ခွဲထုတ်လုပ်ထားသော နိုက်ထရွိုလ်းနှင့် ပလတ်စတစ်အမျိုးအစားတစ်ခုဖြစ်သော ဗိုင်နိုင်းတို့ဖြင့် ပြုလုပ်ထားလေ့ရှိပါသည်။ နိုက်ထရွိုလ်းအမျိုးအစားသည် ရေရှည်အကြမ်းခံပြီး ဓာတ်ခွဲထုတ်လုပ်ထားသော ရာဘာနှင့်တူသည့် Acrylonitrile-butadiene ဖြစ်သည့်အတွက် ရာဘာနှင့်ဓာတ်မတည့်သောသူများ ဝတ်ဆင်အသုံးပြုရန် သင့်တော်ပါသည်။ ထို့အပြင် နိုက်ထရွိုလ်းသည် သဘာဝရာဘာစေးနှင့် နှိုင်းယှဉ်လျှင် ဓာတုခံနိုင်ရည်စွမ်းအား ပိုမိုမြင့်မားပြီး ၎င်းအချက်သည် နိုက်ထရွိုလ်းလက်အိတ်များ၏ အဓိကအားသာချက်တစ်ခု ဖြစ်ပါသည်။
အမေရိကန်နိုင်ငံ အရာဝတ္ထုပစ္စည်းများနှင့်စမ်းသပ်စစ်ခြင်းဆိုင်ရာအဖွဲ့ (American Society for Testing and Materials – ASTM) အရ လူနာများကို ရောဂါရှာဖွေစမ်းသပ်ကုသရာတွင်အသုံးပြုသော နိုက်ထရွိုလ်းတစ်ခါသုံး လက်အိတ်များသည် ASTM D6319 စံနှုန်းများကို ပြည့်မီရန်လိုအပ်ပါသည်။ ဥရောပနိုင်ငံများတွင် ကျန်းမာရေးစောင့်ရှောက်မှုပေးနေစဉ် လက်အိတ်ဝတ်ဆင်သူနှင့် လူနာများ တစ်ဦးနှင့်တစ်ဦးသို့ ရောဂါပိုးမကူးစက်စေရန်အတွက် တစ်ခါသုံးလက်အိတ်များတွင် ဉရောပစံနှုန်း EN455 ကိုပြည့်မီရန် လိုအပ်ပါသည်။ ဆေးဘက်ဆိုင်ရာသုံးလက်အိတ်များအတွက် EN455 စံနှုန်း (၄)မျိုး သတ်မှတ်ထားပါသည်။
EN455-1 သည် လက်အိတ်များတွင်အပေါက်အပြဲကင်းလွတ်ရန် စမ်းသပ်ခြင်းဖြစ်ပြီး လက်ခံနိုင်သည့် အရည်အသွေးကန့်သတ်ချက် (Acceptance Quality Limit - AQL) ၁.၅ အဆင့်ရှိရပါမည်။
EN455-2 သည်လက်အိတ်များ၏ အရွယ်အစားနှင့် ဆွဲဆံ့ခံနိုင်အားပြည့်မီရန် စမ်းသပ်ခြင်းဖြစ်သည် ။
EN455-3 သည် လက်အိတ်များ၏ ပိုးမွှားသန့်စင်မှုကို စစ်ဆေးခြင်းဖြစ်သည်။
EN455-4 သည် လက်အိတ်များ၏ တာရှည်ခံနိုင်မှုကို စမ်းသပ်စစ်ဆေးခြင်းဖြစ်သည်။
အမေရိကန်နိုင်ငံ ရောဂါကာကွယ်ထိန်းချူပ်ရေးဌာန (The U.S. Centers for Disease Control and Prevention – CDC)မှ လူနာများစမ်းသပ်စစ်ဆေးရာတွင် ပိုးမသတ်ထားသော တစ်ခါသုံးလက်အိတ်များကို COVID-19 စောင့်ကြည့်လူနာ သို့မဟုတ် အတည်ပြု လူနာများအား စောင့်ရှောက်ကုသရာတွင် အသုံးပြုနိုင်ကြောင်း ၂၀၂၀ ခုနှစ်၊ မတ်လ (၁၄)ရက်နေ့တွင် ထုတ်ပြန်ကြေငြာထားပါသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (World Health Organization – WHO) မှ ဗိုင်းရပ်စ်ပိုးကူးစက်ပြန့်ပွားခြင်းကို ကာကွယ်ရန် ကျန်းမာရေးစောင့်ရှောက်မှု ပေးနေသောဝန်ထမ်းများသည် EN455 နှင့် ASTM D6319 စံသတ်မှတ်ချက်များနှင့်ပြည့်မီသော ပိုးမသတ်ထားသည့်၊ ပေါင်ဒါမပါဝင်သော၊ နိုက်ထရွိုလ်းလက်အိတ်များကို အသုံးပြုသင့်ကြောင်း ၂၀၂၀ ခုနှစ်၊ မတ်လ (၆)ရက်နေ့တွင် ထုတ်ပြန်ကြေငြာအကြံပြု ထားပါသည်။